ကျန်းမာပျော်ရွှင်ဖို့ မသိမဖြစ် သိထားရမယ့် ပျော်ရွှင်ခြင်း ဟော်မုန်းများအကြောင်း
ပျော်ရွှင်ရတာကို လူတိုင်း သဘောကျကြပါတယ်။ ပျော်ရွှင်တာက နှစ်သက်စရာကောင်းတဲ့ ခံစားချက်ပဲ မဟုတ်လား။ ပျော်စရာတွေ့လို့ ပျော်တယ်လို့ ယေဘုယျ ပြောလို့ရပေမယ့် စိတ်ခံစားချက်ကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထွက်လာတာကြောင့် စိတ်ရော ကိုယ်ပါ ပိုမိုရွှင်လန်း ကျန်းမာစေပါတယ်။
ပျော်ရွှင်ခြင်း ဟော်မုန်းတွေက ဘာတွေလဲ?
Endorphins
Endorphins ကို နာကျင်မှုတွေ သက်သာစေတဲ့ ဟော်မုန်းလို့လည်း ခေါ်ဆိုကြပြီး ဗဟိုအာရုံကြောစနစ် (Central Nerveous System) ကနေ ထုတ်လုပ်ပေးပါတယ်။ နာကျင်မှုတွေနဲ့ စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ သက်သာအောင် Endorphins တွေကို ထုတ်လုပ်ပေးသလို စားချင်တာ စားရတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါနဲ့ လိင်မှုကိစ္စ ဆောင်ရွက်နေစဥ်တွေမှာလည်း Endorphins တွေ ထွက်ရှိလာတတ်ပါတယ်။
Serotonin
Serotonin ဟော်မုန်းကို အစာခြေစနစ်မှာ အများဆုံးတွေ့ရပြီး ဦးနှောက်နဲ့ သွေးဥမွှားတွေမှာလည်း တွေ့ရတတ်ပါတယ်။ Serotonin ဟာ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်ပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းဖြစ်ပြီး ညဘက်ကောင်းကောင်း အိပ်ပျော်တဲ့အခါ၊ သဘာဝအလှအပရှုခင်းတွေကို ကြည့်ရှုခံစားတဲ့အခါနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့အခါမျိုးတွေမှာ ထွက်လာတတ်ပါတယ်။
Dopamine
နှစ်သက်ပျော်ရွှင်တဲ့အခါနဲ့ စိတ်အားတက်ကြွတဲ့အခါတွေမှာ ထွက်လာတတ်တာကတော့ Dopamine ပါ။ စားချင်တာစားလိုက်ရတာ၊ သီချင်းနားထောင်တာ၊ အနှိပ်ခံတာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပြီး ပေါ့ပါးသွက်လက်နေတဲ့ အချိန်မျိုးတွေမှာ Dopamine တွေ ထွက်လာပြီး ကျေနပ်နှစ်သိမ့်တဲ့ ခံစားချက်တွေ ရစေပါတယ်။
Oxytocin
Oxytoxin ကို အချစ်ဟော်မုန်း (Love Hormone) လို့လည်း ခေါ်ပါတယ်။ Oxytocin ဟာ အမျိုးသားတွေထက် အမျိုးသမီတွေရဲ့ ဇီဝလုပ်ငန်းတွေနဲ့ ပျော်ရွှင်မှုအတွက် အရေးပါတဲ့ ဟော်မုန်းပါ။ ချစ်ခင်စွာ ပွေ့ဖက်မှု၊ ယုံကြည်စိတ်ချရတဲ့ Relationship တွေကြောင့် Oxytocin တွေ ထွက်ရှိစေပါတယ်။ Oxytocin က Serotonin နဲ့ Dopamine ဟော်မုန်းတွေ ပိုမိုထွက်ရှိအောင်လည်း လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။
ပျော်ရွှင်ခြင်းဟော်မုန်းတွေ များများထွက်အောင် ဘာလုပ်ရမလဲ?
- ဘဝဆိုတာ အောင်မြင်မှုရော၊ ကျရှုံးမှုပါ ရှိတတ်ပါတယ်။ ကျရှုံးမှုတွေကိုပဲ အာရုံစိုက်ပြီး စိတ်ညစ်နေတာဟာ Serotonin ဟော်မုန်းတွေ ထွက်ရှိမှုကို တားဆီးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အောင်မြင်မှု နဲ့ စွမ်းဆောင်နိုင်မှုတွေကိုပဲ အာရုံစိုက်ထားတာက Serotonin တွေ ထွက်ရှိစေပါတယ်။ ကြက်သား၊ ငါး၊ ဒိန်ခဲ၊ မြေပဲ၊ နှမ်း၊ ရွှေဖရုံသီး၊ နို့နဲ့ ဥတွေဟာ Serotonin ကြွယ်ဝတဲ့ အစားအစာတွေပါ။
- ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ ၁၀ မိနစ်ခန့်လုပ်ရင်တောင် Serotonin နဲ့ Endorphins တွေကို ထွက်ရှိစေတာမို့ နေ့စဥ် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ တစ်နေ့ကို မိနစ် ၂၀ ကနေ ၄၀ ခန့်လုပ်ရင်တော့ နှလုံးကျန်းမာရေးကိုပါ ကောင်းစေမှာပါ။
- မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် စနောက်စကားပြောတာ၊ ထမင်းလက်စုံစားတာ၊အတူတကွချက်ပြုတ်တာတွေက Oxytocin တွေ ထွက်စေပါတယ်။
- ရည်မှန်းချက်တွေ အောင်မြင်တာ၊ လုပ်ချင်တာတွေ လုပ်ရတာမျိုးမှာ Dopamine တွေ ထွက်လာပါလိမ့်မယ်။
ပျော်ရွှင်မှုဟာ သင့်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ ပျော်ရွှင်ခြင်းဟော်မုန်းတွေ များများထွက်စေခြင်းဖြင့် ဘဝကို ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်